Friday, September 13, 2013
ဇင်မိုးကိုကို(စိတ်ပညာ)
လိုတာထက်ပိုဖို့မပြောနှင့်
သူမနဲ့ကျနော်ကြား
မေတ္တာဆိုတာ ဘာလဲတောင်
သေချာမသိဘူး
မွေးကတည်းက
တစ်ယောက်တစ်နေရာဆီမလို့
သံယောဇဉ်ဆိုတာလည်း
ဘာမှန်းနားမလည်ခဲ့ဘူး
လွမ်းမိတယ်ဆိုပေမဲ့
ပြန်လာပါလို့
သူမကို မတောင်းဆိုခဲ့ဖူးသလို
သူမကလည်း ပြန်လာမယ်လို့
မပြောဖူးဘူး
အချိန်တန်လို့ ဖုန်းမလာတောင်
သူမနဲ့ကျနော် တစ်ယောက်ကိုတစ်ယောက်
အဖြစ်မသည်းဖူးဘူး
သူစိမ်းဆန်လှတဲ့
သူမနဲ့ကျနော်
ဘယ်သူမှမသိတဲ့ နှလုံးသားထဲမှာတော့
တစ်ဦးနှင့်တစ်ဦး အချစ်ဆုံးပဲဆိုတာ
သူမကော ကျနော်ကော
ယုံကြည်တယ်
သူမဟာ ကျနော့်အတွက်
တစ်ခါမှ မနူးညံ့ဖူးဘူး
ဒါပေမဲ့ အမြဲတမ်း
ရဲရင့်တယ်
ချစ်တယ်လို့ ဘယ်သူမှ
ဘယ်တော့မှ မပြောဖူးဘူး
ဒါပေမဲ့ သူမပြုသမျှဟာ ကျနော့်အတွက်
ကျနော့်ဖြစ်သမျှဟာ သူမအတွက်
ဝေးနေပေမဲ့ နှလုံးသားကဆက်သွယ်တယ်
စကားတွေ အများကြီးမပြောဖူးပေမဲ့
သူမနဲ့ကျနော် အားလုံးနားလည်တယ်
လွမ်းတာကိုလွမ်းတယ်မပြောဘူး
ချစ်တာကိုချစ်တယ်မဆိုဖူး
ဒါပေမဲ့ နှလုံးသားမှာ
သူမ ရှိတယ်
သိပ်ချစ်ပါတယ် မေမေ
သိပ်လွမ်းပါတယ် မေမေ
ဇင်မိုးကိုကို(စိတ်ပညာ)
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment